ကျန်းမာရေးဆောင်းပါးများ

ဗဟုသုတ

အရေပြား ဓာတ်မတည့်မှု စစ်ဆေးခြင်း (Skin Test) - မည်သူများနှင့် သင့်တော်သနည်း၊ မည်သို့ ကူညီပေးနိုင်သနည်း

RAWEERAT SITCHARUNGSI,MD.

အရေပြား ဓာတ်မတည့်မှု စစ်ဆေးခြင်း (Skin Test) - မည်သူများနှင့် သင့်တော်သနည်း၊ မည်သို့ ကူညီပေးနိုင်သနည်း

Skin Test သို့မဟုတ် ‘အရေပြား ဓာတ်မတည့်မှု စစ်ဆေးခြင်း’ ဆိုသည်မှာ ဖုန်မှုန့်၊ ပန်းဝတ်မှုန့်၊ တိရစ္ဆာန်အမွှေး၊ အစားအစာ သို့မဟုတ် ဓာတုပစ္စည်းအချို့ အပါအဝင် ခန္ဓာကိုယ်သည် မည်သည့် ဓာတ်မတည့်မှုဖြစ်စေသည့် ပစ္စည်းများနှင့် တုံ့ပြန်မှုရှိသည်ကို ဆန်းစစ်ရန် ဆရာဝန်များ အသုံးပြုသည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။ Skin Test ပြုလုပ်ခြင်းဖြင့် မိမိတွင် မည်သည့်အရာများနှင့် ဓာတ်မတည့်သည်ကို စစ်ဆေးသိရှိနိုင်မည်ဖြစ်ရာ ထိုလှုံ့ဆော်ပစ္စည်းများကို တိကျစွာ ရှောင်ရှားနိုင်ပြီး အန္တရာယ်ရှိသော ဓာတ်မတည့်မှု လက္ခဏာများ မဖြစ်ပွားအောင် ကာကွယ်တားဆီးနိုင်မည် ဖြစ်ပါသည်။


ဤဆောင်းပါးသည် သင့်အား Skin Test အကြောင်းကို ဓာတ်မတည့်မှု စစ်ဆေးသည့် အဆင့်များမှသည် ရရှိနိုင်သည့် အကျိုးကျေးဇူးများအထိ အသေးစိတ် မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး၊ ပိုမို နားလည်သဘောပေါက်ကာ မိမိ၏ ကျန်းမာရေးကို မှန်ကန်စွာ ပြုစုစောင့်ရှောက်နိုင်စေမည် ဖြစ်ပါသည်။


Key Takeaways


  • Skin Test ပြုလုပ်ခြင်း ဆိုသည်မှာ အမျိုးမျိုးသော ဓာတ်မတည့်မှုဖြစ်စေသည့် ပစ္စည်းများကို အရေပြားပေါ်တွင် တို့ဆို့စစ်ဆေးခြင်းဖြင့် ခန္ဓာကိုယ်က မည်သည့်ပစ္စည်းများနှင့် တုံ့ပြန်မှုရှိသည်ကို စစ်ဆေးရှာဖွေခြင်း ဖြစ်ပါသည်။
  • Skin Test ဖြင့် စစ်ဆေးခြင်းသည် မိမိတွင် ဓာတ်မတည့်သည့် လက္ခဏာများ ရှိနေသည်ဟု သံသယရှိသူများနှင့် သင့်တော်ပါသည်။ ဥပမာအားဖြင့် -အနီကွက်များထခြင်း၊နှာချေခြင်း၊နှာပိတ်ခြင်း၊မျက်စိယားယံခြင်း၊နာတာရှည်၊ချောင်းဆိုးခြင်းနှင့် အစားအစာအချို့ စားသုံးပြီးနောက် သို့မဟုတ် အင်းဆက်/အကောင် ကိုက်ခံရပြီးနောက် ပြင်းထန်သော ဓာတ်မတည့်မှု လက္ခဏာများ ဖြစ်ပေါ်ခြင်း စသည်တို့ ဖြစ်ပါသည်။
  • Skin Test စစ်ဆေးခြင်းသည် ဘေးထွက်ဆိုးကျိုး အလွန်နည်းပါးပါသည်။ အတွေ့အများဆုံး လက္ခဏာမှာ စစ်ဆေးသည့် အရေပြားနေရာတွင် ယားယံခြင်း၊ ရောင်ရမ်းခြင်းနှင့် နီရဲခြင်းတို့ ဖြစ်သော်လည်း ၁ နာရီမှ ၂ နာရီအတွင်း အလိုလို ပျောက်ကင်းသွားလေ့ရှိပါသည်။

Skin Test (အရေပြား ဓာတ်မတည့်မှု စစ်ဆေးခြင်း) ဆိုသည်မှာ အဘယ်နည်း

အရေပြား ဓာတ်မတည့်မှု စစ်ဆေးခြင်း (Skin Prick Test) ဆိုသည်မှာ လူတစ်ဦးချင်းစီ၏ ခန္ဓာကိုယ်က တုံ့ပြန်မှုရှိသော ဓာတ်မတည့်မှုဖြစ်စေသည့် ပစ္စည်းများ (Allergens) ကို ရှာဖွေဖော်ထုတ်သည့် ရောဂါရှာဖွေ စစ်ဆေးမှုတစ်ခု ဖြစ်ပါသည်။စစ်ဆေးရာတွင် ဆရာဝန်သည် ဖုန်မှိုက်၊ မြက်ဝတ်မှုန့်၊ မှို၊ ကြောင်၊ ခွေး၊ ပင်လယ်စာ၊ နွားနို့၊ ကြက်ဥ၊ ပဲပုပ်၊ မြေပဲနှင့် ဂျုံမှုန့် စသည့် ဓာတ်မတည့်မှုဖြစ်စေသည့် ပစ္စည်းအမျိုးမျိုးကို အရေပြားပေါ်သို့ စက်ချပြီး အပ်ဖြင့် သာသာလေး တို့ဆို့ကာ အဆိုပါ အရေပြားနေရာတွင် မည်သို့ တုံ့ပြန်မှုရှိသည်ကို စစ်ဆေးပေးမည် ဖြစ်ပါသည်။ ထိုပစ္စည်းများနှင့် ဓာတ်မတည့်သူများတွင် ရောင်ရမ်းခြင်း၊ နီရဲခြင်း၊ ယားယံခြင်း သို့မဟုတ် အနီကွက်များထခြင်းကဲ့သို့သော လက္ခဏာများ ဖြစ်ပေါ်လာမည် ဖြစ်ပါသည်။


အရေပြား ဓာတ်မတည့်မှု စမ်းသပ်ခြင်းကို ဘယ်သူတွေ လုပ်ဖို့ သင့်တော်သလဲ။

Skin Test နည်းလမ်းဖြင့် ဓာတ်မတည့်မှု (Allergy) စမ်းသပ်ရန် သင့်တော်သူများမှာ အောက်ပါလက္ခဏာများ ရှိသူများဖြစ်ပါသည်


  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ဓာတ်မတည့်မှု (Respiratory Allergies) လက္ခဏာရှိသူများ -

ဥပမာအားဖြင့် - နှာခေါင်းပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ မကြာခဏ အအေးမိသလို လက္ခဏာပြခြင်း (သို့မဟုတ်) မိသားစုအတွင်း ဓာတ်မတည့်မှု (Allergy) ရာဇဝင်ရှိသူများ။


ထို့အပြင် ကလေးအရွယ်တွင် ဓာတ်မတည့်မှုရောဂါရှိကြောင်း ရောဂါအမည်တပ်ခံထားရသူများ၊ ပန်းနာရင်ကျပ်ရောဂါ (Asthma) (သို့မဟုတ်) ဓာတ်မတည့်မှုကြောင့် နှာခေါင်းတွင်းရောင်ရမ်းခြင်း (Allergic Rhinitis) ရောဂါရှိသူများလည်း အကျုံးဝင်ပါသည်။


  • အရေပြား ဓာတ်မတည့်မှု (Skin Allergies) လက္ခဏာရှိသူများ -

ဥပမာအားဖြင့် - အဖုအပိမ့်များထွက်၍ ယားယံခြင်း၊ အင်ပြင်ထခြင်း၊ အရေပြား ဓာတ်မတည့်ခြင်း (သို့မဟုတ်) နှင်းခူ (Eczema) ကဲ့သို့သော အရေပြား ဓာတ်မတည့်ရောဂါ ရှိသူများ။


  • မျက်စိ ဓာတ်မတည့်မှု (Eye Allergies) လက္ခဏာရှိသူများ -

ဥပမာအားဖြင့် - မျက်စိယားယံခြင်း၊ မျက်လုံးရောင်အမ်းခြင်း၊ မျက်ရည်ယိုခြင်း (သို့မဟုတ်) မျက်ဖြူလွှာရောင်ရမ်းခြင်း ရှိသူများ။


  • အစားအစာ ဓာတ်မတည့်သူများ (Food Allergy) - အချို့သော အစားအစာများနှင့် ဓာတ်မတည့်မှုရှိနေသည်ဟု သံသယဖြစ်ခြင်း (ဥပမာ - ပါးစပ်အတွင်း ယားယံခြင်း၊ လျှာရောင်ခြင်း၊ အစာစားပြီးနောက် အင်ပြင်ထွက်ခြင်း / အနီပိမ့်များထွက်ခြင်း)။

  • ဆေးဝါး သို့မဟုတ် အင်းဆက်အကိုက်ခံရမှုကြောင့် ဓာတ်မတည့်သူများ - (ဥပမာ - အင်းဆက်အကိုက်ခံရပြီးနောက် ရောင်ရမ်းခြင်း၊ နီရဲခြင်း သို့မဟုတ် ပြင်းထန်သော ဓာတ်မတည့်မှုလက္ခဏာ (Anaphylaxis) ဖြစ်ပေါ်ခြင်း)။

  • ဓာတ်မတည့်မှုဖြစ်စေသော အကြောင်းရင်းများကို သိရှိလိုသူများ - ရှောင်ရှားရန် ကြိုတင်စီစဉ်နိုင်ရန်နှင့် ထိရောက်မှန်ကန်စွာ ကုသနိုင်ရန်အတွက်။

Skin Test (အရေပြား ဓာတ်မတည့်မှု စမ်းသပ်ခြင်း) ပြုလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ။

အရေပြား ဓာတ်မတည့်မှု စစ်ဆေးခြင်း (Skin Test) သည် အောက်ပါအတိုင်း ကျန်းမာရေးစောင့်ရှောက်မှုအတွက် အလွန်ပင် အကျိုးကျေးဇူး ရှိပါသည်။


  • ဓာတ်မတည့်သည့် လက္ခဏာများမှာ မည်သည့် ဓာတ်မတည့်စေသော ပစ္စည်းများ (Allergens) ကဲ့သို့ကြောင့် ဖြစ်သည်၊ မည်မျှ ပြင်းထန်သည်ကို တိကျစွာ ဖော်ထုတ်ပေးနိုင်သောမှာ ဆရာဝန်များအနေဖြင့် သင်၏ ဓာတ်မတည့်မှု ရောဂါကို မှန်ကန်တိကျစွာ ရောဂါအမည် တပ်နိုင်မည် ဖြစ်ပါသည်။
  • ဓာတ်မတည့်သည့် အကြောင်းအရင်းကို သိရှိပြီးဆိုပါက ခွေး သို့မဟုတ် ကြောင်ကဲ့သို့သော အိမ်မွေးတိရစ္ဆာန်များ၊ ပင်လယ်စာများ၊ အစေ့အဆံ အချို့၊ ကြက်ဥ သို့မဟုတ် နို့ စသည်တို့ကို ရှောင်ကြဉ်ရန် လိုအပ်ကြောင်း မိမိကိုယ်တိုင် သိရှိနိုင်မည် ဖြစ်ပါသည်။
  • အသက်အန္တရာယ် ထိခိုက်နိုင်သည်အထိ တစ်ခါတစ်ရံ ပြင်းထန်တတ်သည့် ဓာတ်မတည့်သည့် လက္ခဏာများ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။
  • ဆရာဝန်အနေဖြင့် ဓာတ်မတည့်သည့် လက္ခဏာများကို လျှော့ချလိုသည့်အခါ သို့မဟုတ် ဓာတ်မတည့်မှုကို လှုံ့ဆော်ပေးသော အရာများနှင့် အနီးကပ် မဖြစ်မနေ ထိတွေ့နေရသည့်အခါမျိုးတွင် အရေပြားအောက် သို့မဟုတ် လျှာအောက်တွင် ငုံရသော ဓာတ်မတည့်မှု ကာကွယ်ဆေးများ အသုံးပြု၍ သင့်တော်သည့် ကုသမှုအစီအစဉ်ကို ရေးဆွဲပေးနိုင်မည် ဖြစ်ပါသည်။

Skin Test မစစ်ဆေးမီ ပြင်ဆင်ရန် နည်းလမ်းများ

Skin Test စစ်ဆေးမှု ရလဒ် တိကျမှု အမြင့်ဆုံး ရရှိစေရန် အောက်ပါ အကြံပြုချက်များအတိုင်း ပြင်ဆင်ထားသင့်ပါသည်။


  • အရေပြား ဓာတ်မတည့်မှု တုံ့ပြန်မှုကို ဆေးဝါးများက တားဆီးထားနိုင်သဖြင့် စစ်ဆေးမှုရလဒ် လွဲမှားသွားနိုင်သောကြောင့် Cetirizine, Desloratadine ကဲ့သို့သော နှာစေး၊ ယှားယံခြင်း သို့မဟုတ် အင်ပြင်ထခြင်းများအတွက် သုံးသည့် အာလာဂျီ/ဓာတ်မတည့်မှု ပျောက်ဆေး (Antihistamines) များကို Skin Test မစစ်ဆေးမီ အနည်းဆုံး ၇ ရက် ကြိုတင်၍ သောက်သုံးခြင်း ရပ်နားထားရပါမည်။
  • ထိုးဆေး၊ လိမ်းဆေး သို့မဟုတ် သောက်ဆေး အပါအဝင် စတီရွိုက် (Steroid) ဆေးဝါးများ သုံးစွဲခြင်းကို အနည်းဆုံး ၁ ပတ်မှ ၃ ပတ်အထိ ရပ်နားထားရပါမည်။ စတီရွိုက်ဆေးဝါးများကို မဖြစ်မနေ သုံးစွဲရန် လိုအပ်ပါက သင့်တော်မှု ရှိမရှိ သုံးသပ်နိုင်ရန် ဆရာဝန်ထံ ကြိုတင် အကြောင်းကြားပေးပါ။
  • စိတ်ငြိမ်ဆေး၊ အိပ်ဆေး၊ ခေါင်းမူးပျောက်ဆေး သို့မဟုတ် ကားမူး/လှေမူးပျောက်ဆေး သုံးစွဲခြင်းကို အနည်းဆုံး ၁ ပတ်မှ ၃ ပတ်အထိ ရှောင်ကြဉ်ရပါမည်။ ထိုဆေးဝါးများသည် စစ်ဆေးမှုရလဒ်ကို သက်ရောက်မှု ရှိစေနိုင်သောကြောင့် ဖြစ်ပါသည်။
  • ဘေးကင်းလုံခြုံမှုရှိစေရန်နှင့် စစ်ဆေးမှုရလဒ် တိကျစေရန်အတွက် ဆေးဓာတ်မတည့်သည့် ရာဇဝင်ရှိပါက သို့မဟုတ် ပုံမှန်သောက်သုံးနေရသော ရောဂါအခံဆေးဝါးများရှိပါက ဆရာဝန်ထံ အမြဲကြိုတင် အကြောင်းကြားပါ။
  • စစ်ဆေးမှုပြုလုပ်မည့်နေ့တွင် လက်တိုအင်္ကျီကို ဝတ်ဆင်လာပါ၊ အိပ်ရေးဝဝ အနားယူထားပါ၊ စစ်ဆေးခြင်း မပြုမီ ရေ သို့မဟုတ် အစားအစာ ရှောင်ရန် မလိုပါ။

Skin Test စစ်ဆေးသည့် လုပ်ငန်းစဉ်တွင် မည်သည်တို့ ပြုလုပ်ရမည်နည်း။

Skin Test ပြုလုပ်သည့် လုပ်ငန်းစဉ်မှာ ယေဘုယျအားဖြင့် အချိန်အများကြီး မကြာသည့်အပြင် အလွန်အမင်း နာကျင်မှုလည်း မရှိပါ။ လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


  • ကျန်းမာရေးဝန်ထမ်းများက သင့်အရေပြား (လက်ဖျံ သို့မဟုတ် ကျောဘက်အပေါ်ပိုင်း) ကို သန့်စင်ပေးပါမည်။
  • စစ်ဆေးမှု ပြုလုပ်မည့် အရေပြား နေရာများတွင် ဘောပင်ဖြင့် အမှတ်အသား ပြုလုပ်ပါမည်။
  • ဓာတ်မတည့်မှုကို လှုံ့ဆော်ပေးသော ဒြပ်ပေါင်းရည်များ (Allergens) ကို အရေပြားပေါ်သို့ တစ်စက်ချင်းစီ စက်ချပေးပါမည်။
  • ဆေးရည် စက်ချထားသော အရေပြားနေရာများကို ဆရာဝန်က အပ်ချောင်းသေးသေးလေးဖြင့် ခပ်ပေါ့ပေါ့ တို့ပေးမည်ဖြစ်ပြီး စစ်ဆေးမှုခံယူသူအနေဖြင့် ပုရွက်ဆိတ် ကိုက်လိုက်သကဲ့သို့ မသိမသာ သာ ခံစားရပါလိမ့်မည်။
  • အရေပြား၏ တုံ့ပြန်မှုကို လေ့လာစောင့်ကြည့်ရန် Skin Test ရလဒ် ထွက်ရှိလာမည်ကို ၁၅ မိနစ်မှ မိနစ် ၂၀ ခန့် စောင့်ဆိုင်းရပါမည်။
  • ဆရာဝန်က စစ်ဆေးထားသော နေရာတွင် အဖုထခြင်း၊ နီရဲခြင်း သို့မဟုတ် ယားယံခြင်းများ ဖြစ်ပေါ်မှု ရှိ၊ မရှိကို စစ်ဆေး၍ ရလဒ်ကို မှတ်တမ်းတင်ပါမည်။
  • ထို့နောက် အရေပြားကို ပိုးသတ်အယ်လ်ကိုဟောဖြင့် နောက်တစ်ကြိမ် ထပ်မံ သန့်စင်ပေးပါမည်။
  • ယားယံခြင်း၊ ရောင်ရမ်းခြင်းနှင့် နီရဲခြင်းများကို သက်သာစေရန် လိမ်းဆေး လိမ်းပေးမည်ဖြစ်ပြီး ဖြစ်ပေါ်လာသော အဖုများမှာ ၁ နာရီမှ ၂ နာရီခန့် ကြာပြီးနောက် အလိုအလျောက် ပျောက်ကွယ်သွားပါလိမ့်မည်။

Skin Test စစ်ဆေးပြီးနောက် ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများ


ทดสอบภูมิแพ้

ယေဘုယျအားဖြင့် Skin Test စစ်ဆေးခြင်းသည် ဘေးကင်းလုံခြုံမှုရှိပြီး ဘေးထွက်ဆိုးကျိုး နည်းပါးလှပါသည်။ မတ်ပဲစေ့မျှသာရှိသော ဓာတ်မတည့်မှု လှုံ့ဆော်ဒြပ်ပေါင်းရည် ပမာဏအနည်းငယ်ကိုသာ အသုံးပြုသောကြောင့် ပြင်းထန်သော ဓာတ်မတည့်မှု တုံ့ပြန်မှုများ ဖြစ်ပေါ်နိုင်ခြေ အလွန်နည်းပါးပါသည်။ သို့သော် Skin Test ပြုလုပ်ပြီးနောက် အောက်ပါ လက္ခဏာများ ဖြစ်ပေါ်လာနိုင်ပါသည်။


  • ယားယံခြင်းနှင့် ရောင်ရမ်းခြင်း - Skin Test စစ်ဆေးထားသော နေရာတွင် ယားယံခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် နီရဲခြင်းများ ဖြစ်ပေါ်နိုင်ပြီး အချိန်နည်းနည်းအတွင်း အလိုအလျောက် ပျောက်ကွယ်သွားပါလိမ့်မည်။ လက္ခဏာများကို သက်သာစေရန် သောက်ဆေး သို့မဟုတ် လိမ်းဆေး အမျိုးအစား ဓာတ်မတည့်မှု ပျောက်ဆေးများကို အသုံးပြုနိုင်ပါသည်။
  • ပြင်းထန်သော တုံ့ပြန်မှုများ - အလွန်ပြင်းထန်သော ဓာတ်မတည့်မှု (Anaphylaxis) ဖြစ်ပွားပါက တစ်ကိုယ်လုံး အဖုအပိန့်များ ထွက်ခြင်း၊ ရင်ဘတ်ကျပ်ခြင်း သို့မဟုတ် သွေးဖိအားကျဆင်းခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်နိုင်ပါသည်။ သို့သော် ဆေးရုံတွင် Skin Test စစ်ဆေးပါက ဆရာဝန်များက လူနာ၏ လက္ခဏာများကို အနီးကပ် လေ့လာစောင့်ကြည့်နေမည်ဖြစ်ပြီး လိုအပ်ပါက အချိန်မီ ကုသမှု ပေးနိုင်မည် ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ထိုသို့ ပြင်းထန်စွာ ဓာတ်မတည့်မှု ဖြစ်ပွားနိုင်ခြေမှာ အလွန်ပင် နည်းပါးလှပါသည်။

မည်သည့်အရာနှင့် ဓာတ်မတည့်သည်ကိုသိလျှင် Skin Test စစ်ဆေးခြင်းဖြင့် ရှောင်ရှားနိုင်ပါသည်။

Skin Test စစ်ဆေးခြင်းသည် ခန္ဓာကိုယ်၌ မည်သည့် ဓာတ်မတည့်သည့် ဒြပ်ပေါင်းများနှင့် ဓာတ်မတည့်သည်ကို တိကျစွာ ခွဲခြားသတ်မှတ်ပေးနိုင်သော စစ်ဆေးမှုနည်းလမ်း တစ်ခုဖြစ်ပါသည်။ စစ်ဆေးသည့် လုပ်ငန်းစဉ်မှာ လျင်မြန်၍ ရှုပ်ထွေးမှုမရှိဘဲ ဘေးထွက်ဆိုးကျိုးလည်း အလွန်နည်းပါးပါသည်။ ရလဒ်ကို သိရှိပြီးပါက လူနာများအနေဖြင့် မျက်စိယားခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာရည်ယိုခြင်း စသည့် ဓာတ်မတည့်မှု လက္ခဏာများကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများကို ထိရောက်စွာ ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် နေ့စဉ်လူနေမှုဘဝကို အနှောင့်အယှက်ဖြစ်စေသည့် မကြာခဏ ဓာတ်မတည့်ခြင်းများကို လျှော့ချပေးနိုင်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် ပြင်းထန်သော ဓာတ်မတည့်မှု အခြေအနေများကိုလည်း ကာကွယ်ပေးနိုင်ပါလိမ့်မည်။


သင့်ထံတွင် အဖုအပိန့်များယားယံခြင်း၊ အင်ပြင်ထခြင်း၊ ပန်းနာရင်ကြပ်ဖြစ်ခြင်း သို့မဟုတ် အစားအသောက် ဓာတ်မတည့်ခြင်း စသည့် ဓာတ်မတည့်ရောဂါ လက္ခဏာများဟု သံသယရှိပါက Rama 9 ဆေးရုံ (Praram 9 Hospital) တွင် အထူးကုဆရာဝန်အဖွဲ့၏ အနီးကပ်စောင့်ရှောက်မှု၊ စံချိန်စံညွှန်းမီ စက်ပစ္စည်းကိရိယာများဖြင့် Skin Test စစ်ဆေးမှု ဝန်ဆောင်မှုကို ဆောင်ရွက်ပေးလျက် ရှိပါသည်။ သင့် ကျန်းမာရေးအတွက် ထိရောက်မှန်ကန်ပြီး အလိုချင်ဆုံးသော စောင့်ရှောက်မှုများကို အပြည့်အဝ ပေးအပ်သွားမည် ဖြစ်ပါသည်။



ပိုမိုသိရှိလိုပါက


Facebook: Praram 9 Hospital Myanmar

Line: @Praram9Hospital

ဖုန်း - 1270



ဓာတ်မတည့်ခြင်းနှင့် ပတ်သက်၍ မကြာခဏ မေးလေ့ရှိသော မေးခွန်းများ


၁။ ဓာတ်မတည့်ခြင်းက မျက်ကွင်းညိုခြင်းကို တကယ် ဖြစ်စေနိုင်ပါသလား။

ဓာတ်မတည့်ခြင်းသည် မျက်ကွင်းညိုခြင်းကို ဖြစ်စေနိုင်ပြီး၊ အထူးသဖြင့် ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သော နှာခေါင်းရောင်ရမ်းသည့်ရောဂါ ရှိသူများတွင် ဖြစ်လေ့ရှိပါသည်။ နှာခေါင်းလမ်းကြောင်း ရောင်ရမ်းခြင်းနှင့် ဖောင်းပွခြင်းတို့သည် သွေးလှည့်ပတ်မှုကို ထိခိုက်စေနိုင်ပြီး မျက်လုံးအောက်တွင် သွေးများ စုပုံလာစေကာ မျက်လုံးအောက်ရှိ အရေပြားကို ပုံမှန်ထက် ပိုမိုမည်းမှောင်လာစေပါသည်။


၂။ ဓာတ်မတည့်ခြင်းကို နာတာရှည်ရောဂါတစ်ခုအဖြစ် သတ်မှတ်ပါသလား။

ဓာတ်မတည့်ခြင်းကို နာတာရှည် ရောဂါတစ်ရပ်အဖြစ် သတ်မှတ်နိုင်ပြီး ၎င်း၏ လက္ခဏာများသည် သာမန်အဆင့်မှစ၍ ပြင်းထန်သည့်အဆင့်အထိ ရှိနိုင်ကာ၊ အထူးသဖြင့် လက္ခဏာများ နာတာရှည်ဖြစ်နေချိန် သို့မဟုတ် မကြာခဏ ပြန်လည်ဖြစ်ပွားနေချိန်မျိုးတွင် ဖြစ်ပါသည်။ ခန္ဓာကိုယ်သည် ဖုန်မှုန့်၊ ပန်းဝတ်မှုန် သို့မဟုတ် အချို့သော အစားအစာများကဲ့သို့ ဓာတ်မတည့်စေသော အရာများနှင့် ထိတွေ့မိသောအခါ လက္ခဏာများ မကြာခဏ ပြန်လည်ဖြစ်ပွားတတ်ပါသည်။


ကိုးကားချက်များ


Mayo Clinic Staff. (2024, March 26). Allergy skin tests. Mayo Clinic. https://www.mayoclinic.org/tests-procedures/allergy-tests/about/pac-20392895



Morris, S.Y. (2018, June 6). What Is a Skin Prick Test?. Healthline. https://www.healthline.com/health/allergies/skin-prick-test-accuracy



Allergy Skin Test. (2023, April 4). Cleveland Clinic. https://my.clevelandclinic.org/health/diagnostics/24912-allergy-skin-test


ဆက်စပ်ဆောင်းပါးများ (1)

အားလုံးကြည့်ရန်

Copyright © 2024 All Rights Reserved | Praram 9 Hospital